ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပန်းတနော်၊ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ထို့သို့ရောင်းချပေးရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်ဥ(၆)လုံးလျှင် (၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၅၀)ကျပ် နှုန်းနှင့် ဟင်းသီးဟင်းရွက်များကို ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင်(၃)ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပြည့်ဖြိုးကျော်

(ပြန်/ ဆက်)