ကျုံပျော်မြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် (၁၁)မျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျုံပျော် စက်တင်ဘာ ၆

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန် (၁၁)မျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့  ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဈေးရောင်းဝယ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကူညီခဲ့ကြပြီး၊ အိမ်ထောင်စုပေါင်း(၁၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆင်းသုခ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်ဖြင့် (၂)ပြည်နှုန်း၊ ဆီ (၃၀)သားလျှင် (၁၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် (၄)လုံး၊ ဆားတစ်ထုပ်လျှင် (၂၅၀)ကျပ်၊ ကုလားပဲ တစ်ဆယ်သားလျှင်(၃၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ငါးခြောက်၊ လဘက်ခြောက် စသည့် ဟင်းသီးဟင်းရွက်များကို အထူးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)