ချောင်းဆုံမြို့နယ်ကျေးလက်နေပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး ဆွေးနွေးကွင်းဆင်း ဆောင်ရွက်

ချောင်းဆုံ စက်တင်ဘာ ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်(၉;၃၀)နာရီက ဒရယ်ကျေးရွာ ဓမ္မာရုံသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ မွေးမြူရေး၊  ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများ ကောင်းမွန်စေရေးနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းပျက်စီးပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း မွေး/ကုဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)