သရက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လည်(၁)နာရီက ထန်းရုံကျေးရွာ၌ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်တစ်ခုခု ကိုင်ဆောင်ခွင့်ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများ၏ မေးမြန်း တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆/၆၆) ပျောက်ဆုံး ပျက်စီးသူများအတွက် ပုံစံအသစ်ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်