ရွှေတောင်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကျန်ရှိနေမှုမရှိစေရေး စိစစ်ထိုးနှံပေး

ရွှေတောင် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စိစစ်ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုး ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်များအား sinopharm ကာကွယ်ဆေးနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ်များအား sinovac ကာကွယ်ဆေးတို့ကို ထိုးနှံပြီးစီးပြီး၊ ကျောင်းအပ်နှံ​ပြီးသူ ကျောင်းသား၊ကျောင်းသူ အားလုံးကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။ ယခုထိုးနှံနေသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကာကွယ်ဆေးထိုးချိန်တွင် ဖျားနာနေသူများ၊ ကျောင်းပျက်၍ ကျန်ရှိနေသူများကို စိစစ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံသည့်နေရာများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)