ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက်‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ဆွေးနွေးပွဲနှင့် နည်းပညာပေး လက်တွေ့သရုပ်ပြသပေးခြင်းများ ဆောင်ရွက်

ပေါက်ခေါင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယနေ့နံနက် ၉ နာရီက  သိုက်ချောင်းကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲနှင့်‌ တောင်သူများအတွက် အသုံးဝင်မည့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊‌ နေဗီယာမြက်စိုက်ပျိုးနည်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက နည်းပညာပေး သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုးက ဒေသခံ‌ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲ၌ ဌာနဆိုင်များ စုပေါင်း၍ ကျေးရွာများအ‌ရောက် ကွင်းဆင်း၍ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ဌာနမှ‌ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာနဆိုင်ရာများက မိမိတို့ဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ပက်သက်၍ အသိပညာပေး ဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက  စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဓာတ်မြေဩဇာအစား သဘာဝ‌မြေသြဇာများ ပိုမိုသုံးစွဲရန်‌ ပြောကြားပြီးသဘာဝ‌ မြေဩဇာပြုလုပ်သုံးစွဲနည်းကို လက်‌တွေ့သရုပ်ပြ ‌ဆောင်ရွက်‌ပေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များပြသခြင်းများကို တက်ရောက်လာသော ဒေသခံပြည်သူများအား လက်‌တွေ့သရုပ်ပြ နည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူး‌ပေါင်း၍ ကျေးရွာပြည်သူများထံ အရောက်ကွင်းဆင်း၍ နည်းပညာ‌ပေး ဆွေးနွေးပွဲများကို ဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ(၅၃)ရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)