ပွင့်ဖြူမြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပွင့်ဖြူ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူနေမှုဘဝတိုးတက်မြင့်မားရေး၊ စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဘဏ္ဍာရေးနှစ်အလိုက်  စီမံကိန်းရန်ပုံငွေများ မတည်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း စီမံကိန်းရန်ပုံငွေများ ထောက်ပံ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း (၁၂)ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ မိုးနေကြာ) (၃)ရွာ၊ Cash For Work စီမံကိန်းကျေးရွာ(၁)ရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် စီမံကိန်းဝင်ကျေးရွာများမှ လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုက်နာရမည့် မူဘောင်များနှင့် စီမံကိန်းရည်ရွယ်ချက်များ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း(၁၂)ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ မိုးနေကြာ) (၃)ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ(၁)ရွာတို့မှ စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းလုပ်ငန်းတစ်ခုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့်  စုစုပေါင်းငွေကျပ် သိန်း ၁၆၀၀ အား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )