လပွတ္တာ စက်တင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီ အချိန်တွင် လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ ရောဂါကာကွယ်ရေးအတွက် အဓိကလိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဒေသခံပြည်သူများထံ ကျယ်ကျယ် ပြန့်ပြန့်အသိပညာပေးရန်အတွက် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ရောဂါပိုးတွေ့ရှိသူ ဦးရေ၊ သေဆုံးသူ ဦးရေ၊ ကျန်းမာရေးပြန်လည်ကောင်းမွန်သူဦးရေ ၊သံသယလူနာစာရင်း ကိုလည်း ဖော်ပြပေးရန်၊ ယာယီဆေးရုံထားရှိရေး စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများရှိ စျေးဆိုင်ခန်းများကို ကြပ်တည်းမှု မရှိစေရေးဆောင်ရွက်ရန်၊ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ကို အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်၊ ထောက်ခံစာနှင့်ပတ်သက်၍ စနစ်တကျကြီးကြပ်ရန်၊ ကုန်တင်ယာဉ် မြို့၀င်/ မြို့ထွက် စနစ်တကျဆောင်ရွက်ရေး၊ ကုန်ပစ္စည်းများကို (၃)မိုင်အဝေးပြေးကား၀န်းတွင် ထားရှိပြီး မြို့တွင်းသို့စနစ်တကျ ပို့ဆောင်ရေးတို့ကို လပွတ္တာမြို့နယ်အနေဖြင့် ရောဂါကူးစက်မှု ကင်းရှင်းနိုင်ရန် အတွက် ဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င် များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီးဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးချက်များကို ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၀င်းကျော်မြင့်(ပြန်/ဆက်)