ဝါးခယ်မမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစားအိမ်ထောင်စုများအား ဆန်၊ ဆား၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဝါးခယ်မ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ် (၁၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၈၆၀)အား စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ဆန်၊ ဆား၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး ဝန်းအတွင်း၌ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်း အခမဲ့ ထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်ရှိပါက ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံး (၁၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်တစ်စုလျှင် ကြက်ဥ(၂)လုံး ၃၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သားနှင့် ဟင်းသီးဟင်းရွက်တစ်မျိုး (၂၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရက်၂၀ တိတိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)