ကန်ကြီးထောင့်မြို့နယ် အမှတ်(၁)ရပ်ကွက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၄၀)အား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကန်ကြီးထောင့် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ နတ်လမ်းအဝင်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှဦးစီး၍ မြို့ပေါ်အမှတ်(၁)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၄၀)အား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက် ၈ နာရီတွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ဆီ (၅၀)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင်(၁၅၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် ကန်ကြီးထောင့်မြို့ပေါ်ပိုင်း အမှတ်(၁)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၄၀)အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စျေးနှုန်းချိုသာစွာဖြင့် ဆန်နှင့်စားသောက်ကုန်စ္စည်းများအား စက်တင်ဘာလ(၇)ရက်နေ့မှ (၈)ရက်နေ့များတွင်လည်း ပုံမှန်ဝင်ငွေမရှိသော အမှတ်(၂)နှင့်အမှတ်(၄) ရပ်ကွက်များရှိ အိမ်ထောင်စုများအား ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချမှုမှင့်ပတ်သက်၍ ပြည်သူတစ်ဦးမှ “ကျွန်မတို့က မြို့ကွက်သစ် ရပ်ကွက်ကပါ။ဆန် (၁)ပြည်ကို အပြင်မှာ ၁၇၀၀ ကနေ ၂၀၀၀ ၊ ကြက်ဥတစ်လုံးကို (၂၀၀)ကျပ်၊ ဆီတစ်ဆယ်သားကို ၁၂၀၀ ကျပ်လောက်အထိ ဝယ်စားရပါတယ်။ နောက်ရက်တွေ အခုလိုရောင်းရင် လိုက်ဝယ်အုံးမယ်။ ဘာဘဲပြောပြော ကျွန်မတို့လက်လုပ်လက်စားတွေအနေနဲ့ ဝမ်းသာတယ်။ ယခုလိုမြို့ကလူကြီးတွေက စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတဲ့အတွက် တာဝန်ရှိတဲ့သူအကုန်လုံးကို ကျေးဇူးတင်ပါတယ်ဟု အမှတ်(၁)ရပ်ကွက်ရှိ မြို့ကွက်သစ်မှ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

မဇင်(ပြန်/ဆက်)