ဟိုင်းကြီးကျွန်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသံမစဲ မဟာပဌာန်းပူဇော်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် မြကျွန်းသာခန်းမ၌ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ဦးသီလာနန္ဒမှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားအား ပင့်ဖိတ်လျှောက်ထားခဲ့ပြီး သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ နိုင်ငံတော် သံဿသမ္မုတိရ၊ မဟာဂန္တဝါစက ပဏ္ဍိတ၊ မဟာဓမ္မာစရိယ၊M.A(Buddhism) ဆရာတော် ဘဒ္ဒန္တ ဝိဝေကာနန္ဒ အရှင်သူမြတ်ထံမှ ငါးပါးသီလ တရားတော်မြတ်တို့ကို ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ ပဌာန်းပစ္စယုဒ္ဒေသပါဠိကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အလှည့်ကျ သံဃာတော် အရှင်သူမြတ်မှ ပဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်များကို ဆက်လက်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး (၅.၉.၂၀၂၂)ရက်နေ့မှ (၇.၉.၂၀၂၂)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)