ဟင်္သာတ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီမှ စျေးဆိုင်များတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ပဒေသာစျေးနှင့် ဌေးဝင်းဈေးအတွင်း အပြင်ရှိ ဆိုင်ခန်းများ၊ ဈေးရောင်းဈေးဝယ်လာ ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ‟ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ အသုံးဆောင် ပစ္စည်းများအား ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူ များဖြင့် အစားထိုးရောင်းချရေး၊ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ စျေးကော်မတီများ ပူးပေါင်း၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ