စလင်း စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာရှိ တောင်သူ ဦးသန်းစိန်နှင့် ဦးစိုးနိုင်တို့စိုက်ပျိုးသည့် ဆင်းရွှေနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာစိုက်ပျိုးခြင်း လုပ်ငန်းအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံများကို အများအပြား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် မျိုးနေကြာများအား ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် မြေသြဇာများ ကူညီထောက်ပံ့ပေး၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှလည်း အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသအလိုက် ကျေးရွာများအရောက် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ နည်းပညာပေးခြင်းများဖြင့် ကူညီဆောင်ရွက်လျက်ရှိရာ ဖောင်းလင်းကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာနေ တောင်သူဦးသန်းစိန် ကွင်းအမှတ် (၆၅၃) ဦးပိုင်အမှတ် (၁၆) စိုက်ပျိုးဧက (၇.၁၄)နှင့် တောင်သူဦးစိုးနိုင် ကွင်းအမှတ် (၆၅၃) ဦးပိုင်အမှတ် (၄၃ )စိုက်ပျိုးဧက (၂.၅)ဧက စိုက်ပျိုးသည့် လယ်ယာမြေများသို့ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာများဖြင့် လက်တွေ့ပို့ချစိုက်ပျိုးပြသခဲ့သည်။ စလင်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန်လျာထားဧကမှာ (၈၅၂၇) ဧကဖြစ်ပြီး ယခုအခါ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားသုံးဆီဖူလုံရေးကို အလေးထား၍ စိုက်ပျိုးလာကြပြီဖြစ်၍ ယခု ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဒေသအလိုက်စိုက်ပျိုးလာကြပြီး ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စျေးနှုန်းကောင်း၍ အကုန်အကျသက်သာသည့် နေကြာသီးနှံကို စိတ်ဝင်တစား တိုးချဲ့စိုက်ပျိုးကြကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)