ပခုက္ကူမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပခုက္ကူ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အမှတ်(၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့ဌာနစိတ် (ပခုက္ကူခရိုင်)နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)တို့ ပူးပေါင်း၍ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရှိ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့မလမ်းဆုံနှင့် အခြားလမ်းဆုံ၊ လမ်းခွနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေကြသည်။

အဆိုပါလုပ်ငန်းကို အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ် (ပခုက္ကူခရိုင်)မှ ရဲတပ်ကြပ်ကြီးနိုင်မိုး၏ ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်ရှိ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့မလမ်းဆုံနှင့် အခြားလမ်းဆုံ၊ လမ်းခွနေရာများတွင် ဖြတ်သန်း သွားလာကြသည့် ပြည်သူများထံ မော်တော်ကား (သို့) မော်တော်ဆိုင်ကယ်မောင်းသူများနှင့် စီးသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မမောင်းမီစစ်ဆေးရမည့်ပစ္စည်းများ၊ အန္တရာယ်သတိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်း လမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ ယာဉ်တိုက်မှုကျူးလွန်သူအား အရေးယူအပြစ်ပေးခြင်းခံရနိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်များ၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် အရေးပေါ်ကူညီပေးနိုင်သည့် ရှေးဦးပြုစုနည်းများနှင့် ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ် များပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)