မင်းလှမြို့နယ် လဲဝါကျေးရွာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၆

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်​၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်​နေ့ နံနက်(၁၀)နာရီနာရီက လဲဝါကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးနိုင်ရေး၊ လူဦးရေစာရင်းကောက်ယူနေမှုများ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာ ချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးခဲ့ကြပြီး တက်​ရောက်လာသည့်​​ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှုးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပျက်စီး ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)