ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကန့်ဘလူ စက်တင်ဘာ ၆

ကိုယ်ဝန်ဆောင်မိခင်များအား ကလေးမွေးဖွားရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စက်တင်ဘာ ၆ ရက်နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ ဗိုက်စမ်းသပ်စစ်ဆေးခြင်း၊ ကလေးမွေးဖွားရာတွင် လွယ်ကူစေရန် ကလေးအနေအထားမှန်ကန်စေရန် ဆောင်ရွက်ပေးခြင်း၊ မိခင်တွင် HIV နှင့်အခြားရောဂါ များရှိပါက သန္ဓေသားအား ရောဂါကူးစက်ခြင်းမရှိစေရန် ဆေးကျွေးကုသပေးခြင်း၊ ကာလသားရောဂါ၊ ဆီးချိုရောဂါ၊ ငှက်ဖျားရောဂါ ရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်းနှင့် အားဆေးများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကိုယ်ဝန်ဆောင် မိခင် ၇၀ ဦးခန့်အား ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသောကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)