သာပေါင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ၊ ကြပ်မတ်စစ်​ဆေးခြင်းများကို မြို့အဝင်ဂိတ်မှ ဆောင်ရွက်

သာပေါင်း စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေး ဂိတ်တွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်း​ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ မော်တော်ဆိုင်ကယ် စီးနင်းပါက ဦးထုပ်ဆောင်းရန် မေးသိုင်းကြိုး တပ်ဆင်ရန် သတိပေးခြင်း၊ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်‌ဆောင်သွား လာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တပါတည်း ယူဆောင်လာကြရန်၊ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန် မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ ယာဉ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်း မရှိစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး စိစစ်အသိပညာပေးခြင်းများ၊ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း