မအူပင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက် ပေါ်တော်မူဘုရားအနီးတွင် စက်တင်ဘာလ (၄)ရက်နေ့ နေ့လည်ပိုင်းက ဆန်၊ဆီ၊ဆားနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များနှင့် ဆီကုန်သည်များမှ စုပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ငွေကျပ် ၃၀၀၀ နှုန်း၊ဆီ ၅၀ ကျပ်သား ငွေကျပ် ၂၅၀၀ နှုန်း၊ဆား ၅၀ ကျပ်သား ငွေကျပ် ၂၀၀ နှုန်း၊ကြက်ဥ ၆ လုံး ငွေကျပ် ၁၀၀၀ နှုန်းနှင့် သားငါးများ ဟင်းသီးဟင်းရွက်များကို ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက လာရောက်ဝယ်ယူခဲ့ကြသည်။
အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအေးလွင်၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝာာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)