(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရေဦး စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကိုနိုင်က မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စတင်၀င်ရောက်လာပုံ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်သုံးစွဲလာမှု တားဆီးနှိမ်နင်းပေးခဲ့ပုံ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ တွေ့ကြုံခံစားနေကြရသည့် ဝေဒနာနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ အသက်သေဆုံးခဲ့ကြရပုံများကို ပရိုဂျက်တာဖြင့် ပြသကာ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။            

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုကိုမျိုးက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုနှင့်ပတ်သက်ပြီး ပြစ်ဒဏ်နှင့် ဥပဒေပုဒ်မများအကြောင်းကိုလည်းကောင်း၊ ရေဦးမြို့နယ်ရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်ဇေလတ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ၊ လမ်းဆုံမီးပွိုင့်တွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ဆိုင်ကယ်စီးလျှင် မောင်းနှင်သူ၊ စီးနင်းလိုက်ပါသူများ လိုက်နာရမည့်အချက်များ၊ ယာဉ်မောင်းသူ ယာဉ်နောက်လိုက်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်နှင့်လမ်း အသုံးပြုကြရာတွင် လိုက်နာကြရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက  သိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)