ဒေးဒရဲ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှု စစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ပညာရေးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း