ရေကြည် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဆိုင်ကယ်စီးဦးထုပ်မဆောင်းပဲ ဆိုင်ကယ်စီးနင်းလျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည် (Wear The Crash Helmet Save Your Life) ဟု ရေးသားထားသော အသိပညာပေး မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် ရေကြည်မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် ပိတောက်ချောင်လမ်းဆုံ၊ မြို့မဈေးနှင့် ငါးသိုင်းချောင်းမြို့ ကြိုဆိုပါ၏လမ်းဆုံနှင့် မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ရွှေတောင်လမ်း ထောင့်တို့တွင် လည်းကောင်း အသုတ်မြို့စျေးလမ်းဆုံတွင်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကို၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းထွန်းနိုင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်အောင်တို့က ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အများပြည်သူသွားလာရာ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ နေရာများတွင် ယာဉ်အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းစေခြင်း၊ ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ မပါ စစ်ဆေးပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေး ဟောပြောခဲ့သည်။
ထို့အပြင် ယဉ်မောင်းသူများလိုက်နာရန် အချက်များ၊ လမ်းဖြတ်ကူးပါက ကြည့်ရှုရမည့် အချက်များ၊ သင့်ခရီးစဉ် သာယာစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်းလိုက်နာကြပါစို့ စသည့် အကြောင်းအရာများပါဝင်သော ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)