ကျွန်းစု စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး ပညာပေးခြင်း နှင့် Mask များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့မစျေး အတွင်း/အပြင်နှင့် အမြန်ရေယာဉ် အဝင်/အထွက်ရှိရာ ဆိပ်ကမ်း၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ ပြုလုပ် ဆောင်ရွက်ခဲ့ရာ မြို့မစျေးအတွင်း စျေးရောင်းသူများနှင့် စျေးဝယ်ယူသူများ၊ ဆိုင်ကယ်တက္ကစီမောင်းနှင်သူများ၊ အမြန်ရေယာဉ်ဖြင့် လိုက်ပါခရီးသွားလာကြမည့် ခရီးသွားပြည်သူများထံ နှာခေါင်းစည်း တပ်ဆင်ရေး ပညာပေးခြင်းနှင့် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့စျေးရှေ့၌ ကတ္တလူခေတ်မီရေငန်ပုဇွန်မွေးမြူရေး စီမံကိန်းတာဝန်ခံ ဦးကျော်လင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ် ရပ်ကွက်များနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် surgical mask ဘူး (၆၀) အား ပေးအပ်လှုဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)