ငါးသိုင်းချောင်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ငါးသိုင်းချောင်းမြို့ရှိ လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေးလုပ်ငန်းများကို ရေကြည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုတို့က ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငါးသိုင်းချောင်းမြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် တင်လင်းထွဋ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းကာ မြို့နေပြည်သူများအား ယာဉ်အန္တရာယ်ကင်းစေရန်အတွက် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းရန်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ထားကြရန်၊ အသက် (၁၈)နှစ်မပြည့်သေးသည့်သူများကို မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းမပြုစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ၊ မော်တော်ဆိုင်ကယ် စီးနင်းသူ များ လိုက်နာရန်အချက်များ၊ ယာဉ်မောင်းသူများ လိုက်နာရန်အချက်များ စသည်တို့ပါဝင်သည့် လက်ကမ်း စာစောင်(၃၅၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေ၍ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)