ကလိန်အောင်မြို့၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချသူများ အဆင်ပြေ

ကလိန်‌အောင် စက်တက်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကော့လှိုင်ကျေးရွာမှ ဝါးထရံ ယက်လုပ်ရောင်းချသူ ဦးဘဲဥ ထံမှသိရသည်။

ဝါးထရံပြုလုပ်ရာတွင် တစ်ပင်တိုင်ဝါးကိုသာ အဓိကသုံးစွဲကြကြောင်းနှင့်  အနံ(၄)တောင်၊ အလျား(၆)တောင်ရိုးရိုးထရံတစ်ချပ် ယက်လုပ်ပါက တစ်ပင်တိုင်ဝါး(၁၀)လုံး အသုံးပြုရကြောင်း အရင်းအနှီအနေဖြင့် ငွေကျပ် (၇၀၀၀) လောက်ကုန်ကျပြီး ရောင်းဈေးအနေဖြင့် ငွေကျပ်(၁) သောင်းငါးထောင်၊  ဝါးအကျောများဖြင့် ယက်လုပ်ထားသည့် (ဒေသအခေါ်)နှီးပူးဝါးထရံ (၁)ချပ် ဆိုပါက ငွေကျပ်(၃)သောင်း ရရှိကြောင်း  ဝါးထရံယက်လုပ်ရာတွင် အထူ၊ အပါး၊ အကြီး၊ အသေး အကွက်ဖော် ဒီဇိုင်းအမျိုးမျိုး  ယက်လုပ်ရောင်းရသဖြင့် နေ့စဉ် ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝါးထရံ ဝယ်ယူသူများအနေဖြင့် ရေစိမ်ဝါးဖြင့်ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်သဖြင့် ကလိန်‌အောင်မြို့ရှိ သဘာဝတောတောင်ထဲ့မှာခုတ်ယူကာ ဝါးရောင်းချသူများထံမှ ဝယ်ယူ၍ ယက်လုပ်ရောင်းချကြောင်း  ဝါးထရံယက်လုပ်သူများထံမှ သိရသည်။ 

ခင်ခင်လဲ့