မြောင်းမြမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန် စိစစ်ထိုးနှံပေး

မြောင်းမြ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန် အတွက် အခြေခံပညာကျောင်းများ တွင် စိစစ်ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုး ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသက် ၅ နှစ် မှ ၁၂ နှစ် အရွယ်များအား sinopharm ကာကွယ်ဆေး ၃၃၆၇၉ ဦးနှင့် အသက် ၁၂ နှစ် မှ ၁၈ နှစ် အရွယ်များအား sinovac ကာကွယ်ဆေး ၁၆၈၄၂ ဦးတို့ကို ထိုးနှံပြီးစီးပြီး၊ ကျောင်းအပ်နှံ​ပြီးသူ ကျောင်းသား၊ ကျောင်းသူ အားလုံးကာကွယ်ဆေး ထိုးနှံပြီး ကြောင်း သိရသည်။ ယခုထိုးနှံနေသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကာကွယ်ဆေးထိုးချိန်တွင် ဖျားနာနေသူများ၊ ကျောင်းပျက်၍ ကျန်ရှိနေသူများကို စိစစ်ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။

မြောင်းမြခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)