ဇလွန်မြို့၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဇလွန် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဆုံကုန်းကျေးရွာအုပ်စုနှင့် အထွဋ်ကျေးရွာအုပ်စု ကြာမန်း ကျေးရွာတို့တွင် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၀) နာရီတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝမ်းနှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူ များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေးကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိသော ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့​ကြသည်။

အဆိုပါ စစ်ကြောင်းကြီးငါးကြောင်းက ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ- ဇလွန်(ပြန်/ဆက်)