ငဖဲ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စက်တင်ဘာလ ၁၂ရက်နေ့ က မြို့ပေါ်နှင့် ကျေးရွာများတွင် ရောင်းချနေသော စားသောက်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အသိပေး နှိုးဆော်စာ များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဆင့်ပွားကူးစက်ခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက် ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါပိုးကူးစက်ခံရသူများ ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များအား ပါဆယ် (Take-Away) စနစ်ဖြင့်သာရောင်းချရန် မကွေး တိုင်း ဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန် ညွှန်ကြားထားခြင်းကြောင့် ငဖဲမြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် မြို့နယ် စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များအား လိုက်လံ၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်များအနေဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့်သာရောင်းချရန် ပြောကြား ထားပြီး ချမှတ်ထားသောညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)