အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

အင်္ဂပူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် စက်တင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ကျွဲဇင်းအုပ်စု ကျွဲဇင်းရွာကျေးရွာ ဓမ္မာရုံတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ နယ်မြေလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇) ဆောင်ရွက် ပေးနေမှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး နေမှုများ၊ နိုင်ငံသားစိစစ်‌ရေးကတ်ပြုလုပ် ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ဒေသကြီးဖွံ့ဖြိုးရေးဆောင်ရွက်မှုလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို တစ်ပတ်လျှင်(၁) ကြိမ်ဖြင့် အင်္ဂပူမြို့နယ်အတွင်းမှ ကျေးရွာ အုပ်စု(၁၄)ခုတို့တွင် ဆောင်ရွက်သွားမည်ကြောင်း မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)