ရှမ်းရွာသစ်မြို့မဲလရောကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်  စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ်များအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မဲလရောကျေးရွာတွင် ကျေးရွာ အုပ်စုတာဝန်ရှိသူများက လက်ဝယ်အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံး ဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀) ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်နှင့် ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ရှင်း လင်းပြောကြားပြီးနောက် မဲလရော ကျေးရွာအုပ်စုအတွင်းရှိ (Maternal and Child Cash Transfer-MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်(၉)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၆၁)ဦး စုစုပေါင်း(၇၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၂၈၂၀၀၀၀/-) ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂)ဦး၊ အသက်(၂)နှစ်အောက်ကလေးငယ်(၃၆၅)ဦးရှိပြီး ကျန်ရှိသော ကျေးရွာအုပ်စုများသို့လည်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)