ဟင်္သာတ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက “ပဲတီစိမ်းတောင်သူများအနေဖြင့် နွေရာသီတွင် ပဲတီစိမ်း စိုက်ပျိုးကြရန်၊ ပဲတီစိမ်းစိုက်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေရယူ နိုင်ခြင်း၊ ချေးငွေများအား တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းသာ တစ်ဖြေးဖြေး ပြန်ဆပ်ရမည်ဖြစ်သော ကြောင့် တောင်သူများ အကျိုးအမြတ် ရရှိနိုင်သဖြင့် ပဲတီစိမ်းစိုက်ပျိုးသင့်ကြောင်း၊ နိုင်ငံတော် အစိုးရမှ တောင်သူများ၏ အကျိုးအား မျှော်တွေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူအများစုသည် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသောကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ကျေးလက်နေ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာနှင့် ပေါင်းသတ်ဆေးများအား အမှား အယွင်းမရှိဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သော ဌာနဆိုင်ရာများမှ တောင်သူများအား နည်းပညာများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရမှလည်း ပဲတီစိမ်းတစ်ဧကလျှင် စိုက်ပျိုးစရိတ် (၁၂၀၀၀၀)ကျပ်ခန့် ကုန်ကျနိုင်ကြောင်း၊ Contract Farming အကျိုးတူ လယ်ယာစနစ် လုပ်ကိုင်မည်ဆိုပါက တောင်သူများအား စိုက်ပျိုးစရိတ်များ ချေးပေးခြင်း၊ ထွက်ရှိသော ပဲတီစိမ်းများအား ဒေသပေါက်စျေးအတိုင်း ဝယ်ယူမည်ဖြစ်သောကြောင့် တောင်သူ များ အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများ အကျိုးအမြတ်ရရှိရေးနှင့် လယ်ယာ စနစ်ဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးမှ နိုင်ငံတော်မှ ဖွဲ့စည်းထားသော သမဝါယမ အသင်းသည် တောင်သူများအတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သဖြင့် တောင်သူများမှ ကျေးရွာအလိုက် သမဝါယမအသင်းများ ဖွဲ့စည်းလုပ်ကိုင်ခြင်းဖြင့် တောင်သူများ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တောင်သူ များထံတွင် သီးနှံရှိလာပါက သီးနှံစျေး နိမ့်ကျလျက်ရှိပြီး တောင်သူများလက်ထဲ သီးနှံမရှိတော့ပါက သီးနှံစျေး မြင့်မားလျက်ရှိခြင်းသည် သီးနှံပွဲစားကုန်သည်များမှ စျေးကစားခြင်းဖြစ်၍ တောင်သူများအရှုံးပေါ်နေ သည်ကို သိရှိရသဖြင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ စျေးကောင်းရရှိရေး၊ အကျိုးအမြတ်ရရှိရေးအတွက် သမဝါယမအသင်းများတွင် ပါဝင်ခြင်းဖြင့် ပဲတီစိမ်းစျေးကောင်း ရရှိရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းတို့အား ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးဌေးမြင့်အောင်မှ ၂၀၂၁-၂၀၂၂ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပဲတီစိမ်း(ဆောင်း) စိုက်ပျိုးခဲ့သည့် စိုက်ဧက (၂၈၉၄၀၀)ဧကနှင့် သမဝါယမအဆိုပြု စိုက်ဧက(၄၅၀၅၅)ဧက ရှိမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး (Contract Farming) အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်း အချက်အလက် များအနေဖြင့် ဟင်္သာတမြို့နယ် ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူ(၁၃၅၂)ဦး၊ လယ်စိုက်ဧက (၁၁၁၅၅)ဧက ရှိပြီး ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူ (၂၁၀)ဦး၊ စိုက်ဧက(၅၁၀) ရှိကြောင်းနှင့် သမဝါယမအသင်းဖွဲ့ပြီး (Contract Farming) ဆောင်ရွက်လိုသည့် တောင်သူ (၂၁၀)ဦး၊ စိုက်ဧက(၅၁၀)ရှိကြောင်းတို့အား ရှင်းလင်း တင်ပြကြပြီး ဒေသခံတောင်သူများဖြစ်သော ဟင်္သာတမြို့နယ်၊ ကျုံတွမ်အုပ်စု၊ အိုးဘိုကျေးရွာနေ ဦးသန်းစိုးနှင့် ဟင်္သာတမြို့နယ်၊ ချောင်းဖျားကြီးအုပ်စု၊ မကျီးကုန်းကျေးရွာနေ ဦးအောင်ခိုင်တို့မှ မိမိတို့သည် တောင်သူ လယ်သမားများဖြစ်သောကြောင့် မိုးစပါးကိုသာ အဓိကထား စိုက်ပျိုးသူများဖြစ်ခြင်း၊ မတ်ပဲ ဈေးမြင့်မားလျက် ရှိသောကြောင့် မတ်ပဲကိုသာ အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ ပဲတီစိမ်းစိုက်ပျိုး ပါက မျိုးမှန်ရရှိရေး၊ မြေရိုင်းများ မြေကောင်းရရှိရေး၊ သဘာဝဓာတ်မြေဩဇာများ ရရှိရေးတို့ အတွက် နည်းပညာများ လိုအပ်လျက်ရှိကြောင်းနှင့် ပဲတီစိမ်း စိုက်ပျိုးရန်အတွက် ချေးငွေလိုအပ်ချက်အား ဆောင်ရွက်ပေးမည်ကို ကြားသိရသောကြောင့် ကျေးဇူး တင်ရှိကြောင်း ဆွေးနွေးတင်ပြခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပဲ/နှမ်းအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးမှ မျိုးမှန်နှင့် သဘာဝဓါတ်မြေဩဇာများ ရရှိရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတကာတွင် မတ်ပဲဈေးနှင့် ပဲတီစိမ်းဈေးများ ဈေးကောင်းလျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရမှ ဒေသခံပဲစိုက်တောင်သူများအတွက် ဈေးကောင်းရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြဆွေးနွေး ခဲ့ကြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းပညာ ရှင်များနှင့် တွေ့ဆုံ၍ စီမံချက်ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ တောင်သူများ ပဲမျိုးကြောင်းများ ရရှိရေးနှင့် ဒေသပေါက်ဈေးများရရှိရေး အတည်ပြုလုပ်ကိုင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးခြင်း မကျွမ်းကျင်သော တောင်သူများအနေဖြင့် ကြိုးစားပြီး စိုက်ပျိုးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ