ကဝ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ကဝမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကဝမြို့နယ်အခြေခံပညာအထက်တန်းကျောင်း ဆရာကျော့ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) Booster Dose ကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများကို စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)