မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ

မင်းဘူး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ “ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာတစ်ဝန်း ကူးဆက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်ခံရမှုနှုန်း မြင့်တက်နေတာကြောင့် မြို့နယ်အတွင်း ဆင့်ပွားကူးဆက်ခံရမှုတွေ မဖြစ်ပွားစေဖို့ ယခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောကြားခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် “မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာခွင့်ချက် ရရှိမှသာ ညထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ ညမထွက်ရ” ဟု ပါရှိသည်။

အဆိုပါ အမိန့်ထုတ်ပြန်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ များအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)