ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေး

ကြံခင်း စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာအုပ်စု၊ အုပ္ပုံတောင်ကျေးရွာအနီးရှိ အုပ္ပုံစုပေါင်း စစ်ဆေးရေးဂိတ်သို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဦးဆောင်သော အဖွဲ့အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ကြိုဆိုပြီး အုပ္ပုံစုပေါင်း စစ်ဆေးရေးဂိတ်ရှိ တာဝန်ကျလုံခြုံရေးအဖွဲ့များဖြင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိခြင်း၊ ယာဉ်အဝင်/အထွက် စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ ကရင်စုကျေးရွာရှိ တောင်သူ ဦးစိုးဝင်းနိုင်၏ နေကြာစိုက်ခင်းအား လည်းကောင်း၊ ပြသာစုကျေးရွာရှိ တောင်သူ သန်းဇော်ဝင်းနှင့် တောင်သူ ဦးအေးမင်းဇော်တို့၏ နေကြာစိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ပေးခဲ့သည်။ ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရှိ တံတားအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆက်လက် ထွက်ခွာလာရာ ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာရဲကင်းစခန်းသို့ ရောက်ရှိပြီး ရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ခံစစ်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ကြဖို့ မှာကြားကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ကြံခင်းမြို့ ဧရာဦးခန်းမတွင် မြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စု ပြည်သူ့လုံခြုံရေးအဖွဲ့တို့နှင့် တွေ့ဆုံပွဲကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ပြည်သူ့လုံခြုံရေးအဖွဲ့များအား မိမိမြို့/မိမိရွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းမှ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း လုံခြုံရေးအလေးထား‌ကြရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက်များအား ပေါင်းစပ်ပေးခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ဦးဆောင်သောအဖွဲ့သည် ညနေပိုင်းတွင် ကြံခင်း-မြန်အောင် ကားလမ်းအတိုင်း မြန်အောင်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)