မြို့သစ် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ၏ လိုအပ်ချက်နှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက် ဦးဆောင်သည့်အဖွဲ့(၁)မှ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့နံနက်(၈)နာရီက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်မှ ဒေသခံပြည်သူများ၏ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ယခုလိုကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး (Booster) ထပ်မံထိုးနှံနိုင်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟအောင်မှ လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ရပ်ရွာအေးချမ်းသာယာရေးအတွက် ကျေးရွာအုပ်စုအတွင်း ဖွဲ့စည်းထားရှိသော ပြည်သူအခြေပြုလုံခြုံရေးအဖွဲ့များ အသက်ဝင်လည်ပတ်နိုင်စေရန်နှင့် မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းရာတွင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ရောဂါပိုး ရှိ/ မရှိ စစ်ဆေးလိုသူများအား RDT Test Kit ဖြင့်အခမဲ့စစ်ဆေးပေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှလည်း တောင်သူများအတွက် နေကြာမျိုးစေ့များကိုအခမဲ့ဖြန့်ဖြူးပေးခဲ့ကြကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)