လပွတ္တာ စက်တင်ဘာ ၅
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (၃)မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး (ရက်တို)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့သစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုဟာ လူသားအချင်းချင်း ရောင်းကုန်ပစ္စည်းသဖွယ် သဘောထားကြပြီး နှိပ်စက်ညှင်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူးခံရသူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျင့်သိက္ခာတို့ကို များစွာ ညှိုးနွမ်းပျက်စီးစေတဲ့အတွက် နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ကာ အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကုန်ကူးမှုစတင်ဖြစ်ပေါ်လာပုံ၊ ဖြစ်ပွားရာအရပ်ဒေသများ၊ ၂၀၀၅ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သော လူကုန်ကူးမှု တားဆီကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် သင်တန်းတက်ရောက်ကြသူများ၊ သင်တန်းနည်းပြများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး သင်တန်းကိုဆက်လက်ပို့ချရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု စသည် ခေါင်းစဥ်များဖြင့် နည်းပြဆရာရဲအရာရှိများက သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)