အင်္ဂပူ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးနှင့် မဲဇလီကုန်း၊ ထူးကြီး၊ ကွင်းကောက်၊ ခြောက်ရွာ၊ ညောင်ကျိုးစသည့် ဈေးများ၌ ဈေးအတွင်း/အပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလပ်စတစ် သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်စီပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ ပူးပေါင်းပြီး ပလစ်စတစ်မသုံးစွဲရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ ‟ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသား၊ ငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးအဆောင် ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်း စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲတတ်စေရန် ကြပ်မတ်စစ်ဆေး အသိပညာပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)