ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိ

ပေါက်ခေါင်း   စက်တင်ဘာ   ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး စုစုပေါင်း(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့်ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါနှင့်ဝါကြီး(၆၁၈၈)ဧကနှင့် ပဲတီစိမ်း(၁၁၃၄)‌ဧက၊ ပဲစင်းငုံ(၉၅၉၁)ဧကနှင့် ပဲပုပ်(၁၂၄)ဧက စုစုပေါင်းပဲမျိုးစုံ(၁၀၄၉)ဧကကို စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဝါဈေးကွက်အနေဖြင့် ယခင်နှစ်က ဝါတစ်ပိသာလျှင်(၂၃၀၀)ကျပ်အထိ ဈေးရရှိသည့်အတွက် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါကို တောင်သူများပိုမိုစိုက်ပျိုးလာကြကြောင်းနှင့် တောင်သူများဝါသီးနှံ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်နိုင်ရေး ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများဖြန့်ဝေ အသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက် ပဲတီစိမ်းစိုက်ခင်းများ စတင်ခူးဆွတ်လျက်ပြီး ယမန်နေ့အထိ(၂၅၄)ဧက ခူးဆွတ်ပြီးဖြစ်ကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ ၁၆ တင်းခန့်ထွက်ရှိကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)