လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ပြီး အသိပညာပေး

လပွတ္တာ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌‌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးခြင်းကို လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးနှင့် ဝန်ထမ်းများက ပူးပေါင်းပြီး ပလစ်စတစ်မသုံးစွဲရေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲတတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)