ဖားဆောင်း စက်တင်ဘာ ၁၄
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေးအတွက် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးကျော်သူရက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အသုံးပြုရမည့် မဲဆန္ဒရှင်စာရင်းပုံစံများ၊ ကြိုတင်ဆန္ဒမဲပေးခြင်းပုံစံများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးနိုင်လင်းက ရပ်ကွက်/ကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းလုပ်ငန်း လမ်းညွှန်များကို လည်းကောင်း၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်းက သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း အသီးသီး အကျယ်တဝင့် ရှင်းလင်း ပို့ချခဲ့သည်။
ဖားဆောင်းမြို့နယ်အတွင်း ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူး စုစုပေါင်း(၈၀)ဦးရှိသည့်အတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်သည့် အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တစ်ရက်လျှင်(၂၈) ဦးဖြင့် (၃)ရက်(၃)ဖွဲ့ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)