ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံ

ဇီးကုန်း   စက်တင်ဘာ ၅

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ဇီးကုန်း)နှင့် အ.ထ.က(မြို့မ)ကျောင်းတို့၌ တတိယအကြိမ် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်း(ဇီးကုန်း)နှင့် အခြေခံပညာ အထက်တန်းကျောင်း(မြို့မ) ကျောင်းတို့မှ အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနေရာ နှစ်ခုခွဲ၍ထိုးနှံပေးခဲ့သည်။

အလားတူ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီး၍ တတိယအကြိမ်ထိုးရန်  ကျန်ရှိနေသော ပြည်သူများကိုလည်း မြို့လယ်သံဓမ္မာရုံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Myancophram ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။     

တင့်ဆွေ (ပြန်ဆက်)