သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး နှာခေါင်းစည်းများ ဖြန့်ဝေ

သာယာဝတီ စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ်အိုမီခရွန် ကာကွယ်တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးပရဟိတအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သည့်၊ သာယာဝတီစျေးလမ်းဆုံနှင့် သုံးဆယ်မြို့မစျေးဝယ်သူပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားမလာခြင်း၊ ပြင်ပထွက်တိုင်းနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံးသုံးပေခန့် ခပ်ခွာခွာနေကြရန်၊ စျေးသည်များအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းအပြင်၊ လက်အိတ်၊ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုကြရန်နှင့် မိမိတို့ဆိုင်တွင်လက်သန့်ဆေးရည်များထားရှိကြရန်၊ စျေးဝယ်သူများကိုလည်း လက်ဆေးစေရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်းများအား ခရီးသွားပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အလားတူ သာယာဝတီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)