ကျုံပျော် စက်တင်ဘာ ၅
ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ်ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို မြို့အဝင် အင်းရဲလမ်းဆုံ၌ ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပူးပေါင်းအဖွဲ့များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုး တပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံရေးတို့ကို စစ်ဆေးပြီး၊ မော်တော်ယာဉ် စီးနင်းပါက ၎င်းအချက်အလက်များ ပြည့်စုံစွာပါရှိ စီးနင်းရေး၊ ယာဉ်စည်းကမ်း လိုက်နာရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက် လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များအတွင်း အန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင်သွားလာမှု မပြုရေးတို့ကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)