ဓနုဖြူမြို့နယ်တွင် ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်

ဓနုဖြူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ဈေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေးအတွက် ပလပ်စတစ်အိတ်အစား ပျက်ဆီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် အစားထိုးသုံးစွဲ‌ရေး ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကိုင်စပီကာဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ဈေးများတွင် ပလပ်စတစ် မသုံးဆွဲရရေးနေ့အဖြစ် သတ်မှတ်ထားခြင်းအားဖြင့် ပလပ်စတစ်အသုံးပြုမှု လျော့နည်းလာမည်ဖြစ်ပြီး စွန့်ပြစ်အမှိုက် ကွင်းတွင်လည်း ပလပ်စတစ် ကြွပ်ကြွပ်အိတ် စသည့်အမှိုက်များ လျော့နည်း သွားနိုင်မည်ဖြစ်သဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)