ဖျာပုံမြို့နယ်တွင် တနင်္ဂနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိရေး ကြီးကြပ်စစ်ဆေး

ဖျာပုံ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ စျေးကော်မတီများပါဝင်သောအဖွဲ့ဖြင့် ပြည်သူများ ပလပ်စတစ်အိတ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်မှစ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ မြောက်ပိုင်းစျေး၊ ဆိပ်ကမ်းသာစျေး၊ ယာယီစျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်း စျေးရောင်းချနေသူများအနေဖြင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ကျွတ်ကျွတ်အိတ် ပလပ်စတစ်အိတ်အစား ကြာရွက်၊ ငှက်ပျောရွက်၊ တောင်စွန်ရွက်တို့ဖြင့် သင့်တော်ရာ အစားထိုး ထုပ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်စပီကာများဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)