ငါးသိုင်းချောင်းမြို့ရှိ စျေးများနှင့် စတိုးဆိုင်၊ ဆေးဆိုင်များ၌ ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့တွင် စျေးရောင်းစျေးဝယ်များ လိုက်နာဆောင်ရွက်နေမှုအားစစ်ဆေး

ငါးသိုင်းချောင်းမြို့ စက်တင်ဘာ ၅

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အောင်ဆန်းစျေးနှင့် ဆေးဆိုင်၊ စတိုးဆိုင်၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရ နေ့ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်လိုက်နာကျင့်သုံးခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့ ဒုတိယသတင်းပတ် တနင်္ဂနွေနေ့တွင် စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နေမှုအား ငါးသိုင်းချောင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှု ဆောင်အရာရှိ ဦးခင်ညွန့်တို့က ဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်း၌ လိုက်လံ စစ်ဆေးခဲ့ရာ ပြည်သူများ စည်းကမ်းတကျ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် စျေးရောင်း စျေးဝယ်များ အနေဖြင့် နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ကြရန် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က တိုက်တွန်းနှိုးဆော်၍ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ငါးသိုင်းချောင်းမြို့နေ မိဘပြည်သူများအနေဖြင့် ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ ပလတ်စတစ်အိတ်များအစား ယခုလို အခြားသင့်လျော်သော ထုပ်ပိုးပစ္စည်းများကို အစားထိုးသုံးစွဲကြသောကြောင့် ဝမ်းသာဂုဏ်ယူရပါကြောင်းနှင့် ပြည်သူများ ကျန်းမာရေးကောင်းမွန်ပြီး လူမှုစီးပွားအဆင်ပြေစေရန်၊ သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ကြောင့် ညစ်ညမ်းမှုသက်သာစေရန် အတွက် ပလတ်စတစ်သုံးစွဲမှုကို လျော့ချရန် လိုအပ်သောကြောင့် ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ ပလတ်စတစ်အိတ်များအစား ယခုလို အခြားသင့်လျော်သော ထုပ်ပိုးပစ္စည်း များကိုသာ ဆက်လက်၍ အစားထိုးသုံးစွဲကြပါရန် စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့် က အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။

နှင်းယုဝေ