ချောင်းသာ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျှော့ချသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်း ရနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက ရွှေသာယာမြို့မစျေးတွင် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဈေးရောင်းချသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမပြုဘဲ ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာစက္ကူများဖြင့်သာ ထုပ်ပိုးရောင်းချရေးတို့ကို အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ချောင်းသာမြို့တွင် ‟ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဖြစ်ပေါ်လာစေရေး အတွက် စျေးရောင်း၊ စျေးဝယ်များ ပလတ်စတစ်လျော့ချသုံးစွဲရေးနှင့် မြို့တွင်း၊ မြို့ပြင် စည်းကမ်းမဲ့ ပလတ် စတစ်စွန့်ပစ်ခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် ပလတ်စတစ် Campaign နှင့် စျေးများအတွင်း လှည့်လည် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)