ကျောင်းကုန်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းနှင့် ပျံကျဈေးအတွင်းသို့ ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့အဖြစ် ကြာဖက်၊ အင်ဖက်၊ သတင်းစာများဖြင့်သာ ရောင်းချစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
"အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့" ဟု သတ်မှတ်ကာ တစ်ပတ်ကို တစ်ရက်သာ အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာတို့ဖြင့် ရောင်းချရမည်ဟု သတ်မှတ်ထားရှိသဖြင့် သား/ငါး ရောင်းချနေသူများနှင့် ကုန်မျိုးစုံရောင်းချနေသူများ ကြာဖက်နဲ့ထုပ်ရာတွင် အဆင်မပြေမှုများရှိသော်လည်း တစ်ရက်တာ လျော့ချနေမှုတွင် ပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်ထွေ/အုပ်မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း မြို့မစခန်းမှူး ဒုရဲမှူး မျိုးသန့်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန တာဝန်ခံ ဦးတင်ကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)