ကရင်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဘားအံ စက်တင်ဘာ ၄

ကရင်ပြည်နယ်၌ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပပြုလုပ်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်)ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ်သဘင် အစည်းအရုံးက အောင်စေပိုင်စေ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ်နှင့်အညီ တံခါးဖွင့်ပြီး နိုင်ငံတကာနှင့်ဆက်ဆံသည့်အခါ အခြားသောအရင်းအနှီးများ၊ နည်းပညာများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အမူအကျင့်များ စိမ့်ဝင်လာမှုများရှိသကဲ့သို့ အရှေ့တိုင်းယဉ်ကျေးမှုနှင့် မအပ်စပ်သော အနောက်တိုင်းယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနိုင်သည့်အတွက် မိမိတို့လူငယ်များ၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သားစဉ်မြေးဆက် ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖြစ်မြောက်ရေး ထည့်ဝင်လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကရင်ပြည်နယ် သဘင်အစည်းအရုံးက အမျိုးသားရေးအတွက်သဘင် အကဖြင့်လည်းကောင်း၊ ရွှေတံဆိပ်ဆုများရှင် မသဲနုအေးက ဖူးရွှေလက်တင် သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်ယဉ်ကျေးမှု ဒုံးအဖွဲ့က ကရင်ရိုးရာဒုံးအကဖြင့်လည်းကောင်း၊ ဒုံရောင်းဖိုးကျော်က ဝါသနာရှင်(ပထမတန်း)အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အကဖြင့်လည်းကောင်း၊ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး KCO က KCO တေးသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစား (၄)မျိုး၊ ပြိုင်ပွဲအဆင့်(၅)ဆင့်၊ မွန်ယိမ်းအက၊ ကရင်တိုင်းရင်းသားအကနှင့် ကွက်စိပ်ပြိုင်ပွဲတို့တွင် အနုသုခုမ ပညာရှင်/ဝါသနာရှင် စုစုပေါင်း ၁၈၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ (၂)ရက်ကြာ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)