ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ကာ စစ်ဆေးမှုများဆောင်ရွက်

ပုသိမ် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး၏ လမ်းညွှန်ချက်အရ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကုလားကုန်းစျေး၊ အောင်ဧရာစျေးနှင့် မြို့သစ်စျေးတို့တွင် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ပုသိမ်မြို့တွင်းရှိ အဖွဲ့ပိုင် စျေးပေါင်း (၇)စျေးအား ယနေ့တွင်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေး စျေးများတွင် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ ထူချိတ်ဆွဲထားရှိကာ ကြိုတင်အသိပေး ကြေညာခြင်းများကို ယခင်ရက်များက ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပူးပေါင်းစစ်ဆေးခြင်းများကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

နယ်နိမိတ်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး တနင်္ဂနွေနေ့တွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ တောင်စွန်ဖက်၊ ဗာဒံရွက်များ အသုံးပြု၍ ရောင်းချမှုအား စစ်ဆေးကြပ်မတ်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မှုမရှိပါက အရေးယူမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဟန်