ဟင်္သာတ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာကလေးရပ် နတ်မော်လမ်းရှိ ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမနှင့် မြဝတီရပ်ကွက်တို့၌ ဆန်၊ ဆီ၊ ကြက်ဥဟင်းသီးဟင်းရွက်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန် တစ်ပြည်လျှင် ၁၅၀၀ ကျပ်၊ ဆီငါးဆယ်သား တစ်ဗူးလျင် ၂၅၀၀ကျပ်၊ ကြက်ဥ (၆)လုံး ၁၀၀၀ ကျပ်၊ဟင်းသီးဟင်းရွက် မျိုးစုံ၊ တပ်မတော်စက်ရုံထုတ် ဆီသွပ်ဘူးများ၊ ပင်လယ်ပြာ အိမ်သုံးစားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဟင်္သာတတပ်နယ်မိသားစုများ၊ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း ရောင်းချပေးခဲ့ကြသည်။
ဆန်၊ ဆီနှင့် ကြက်ဥများ စျေးနှုန်းသက်သာစွာရောင်းချပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ယနေ့တွင် တာကလေးရပ်နတ်မော်လမ်းနှင့် မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေရာတို့တွင် စုစုပေါင်း ဆန် ၅၀ အိပ်၊ ဆီ ၁၂၇ ပိဿာ၊ ကြက်ဥ ၂၀၀၀ လုံးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အခြားစားသောက်ကုန်တို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဇော် (ပြန်/ ဆက်)